စာပေ၀ါသနာပါသူများအဖို့ အရေးအကြီးဆုံးအချက်မှာ စာပေစုဆောင်း တတ်ဖို့ပင်ဖြစ်သည်။ စာပေနှင့်ပတ်သက်သော အချက်အလက် အကြောင်းအရာ၊ ဝေါဟာရများ၊ စာဆိုများ၏အတ္ထုပ္ပတ္တိများ၊ စာပေသမိုင်း၊ စာပေပုံစံများ၊ ကဗျာလင်္ကာများ၊ စကားပုံ၊ ဆိုရိုးစကား၊ သဒ္ဒါ၊ ဆန်းကျမ်း၊ အလင်္ကာကျမ်း စသည်များကို သိရှိနားလည်မှသာလျှင် စာပေရေးသားရာတွင်လည်းကောင်း၊ စာပေဟောပြောရာတွင်လည်းကောင်း များစွာ အသုံးဝင်မည်ဖြစ်သည်။
စင်စစ်စာပေဟူသည် သမုဒ္ဒရာတမျှ ကျယ်ဝန်းနက်ရှိုင်းလှသည်။ သောက်သုံး၍ မကုန်၊ ခပ်ယူ၍ မခန်းနိုင်သော စာပေသမုဒ္ဒရာပြင်ကျယ်ကြီးဖြစ်သည်။ လူတစ်ဦးတစ်ယောက်တတ်ကျွမ်းနားလည်သော စာပေပမာဏမှာ မနည်းငယ်သာရှိသည်။ သိပ္ပံပညာရှင်ကြီး ဆာအက်ဇက်နယူတန်သည် သိပ္ပံပညာရပ်နှင့် သင်္ချာပညာရပ်တို့တွင် ပညာရှင်ဖြစ်သည့်အပြင် စာပေဘက်တွင်လည်း ၀ါသနာပြင်းထန်သူ ကမ္ဘာသိပုဂ္ဂိုလ်ကျော်ကြီး ဖြစ်သည်။ ဆာအက်ဇက်နယူတန်က သူတတ်မြောက်သော စာပေအတိုင်းအဆ ပမာဏကိုပြောပြဖူးသည်။
စာပေဟာ သမုဒ္ဒရာတမျှ ကျယ်ဝန်းနက်ရှိုင်းလှပါတယ်၊ မိမိတတ်တဲ့ စာပေပမာဏဟာ ဘယ်လောက်ရှိသလဲဆိုရင် အဲဒီသမုဒ္ဒရာကမ်းခြေက ခရုခွံလေးလောက်သာရှိပါသတဲ့။
ခေတ်စမ်းစာဆိုတစ်ဦးဖြစ်သော ဆရာကြီး မင်းသုဝဏ်က စာပေ၀ါသနာပါသူတိုင်း စု တု ပြု ဟူသော ဝေါဟာရသုံးလုံးကို အမြဲလက်ကိုင်ထားရန် ညွှန်ပြခဲ့သည်။
စာရေးဝါသနာပါတွေဟာ ပထမစုဆောင်းရပါတယ်။ ဝေါဟာရ စုဆောင်းရပါတယ်။ အချက်အလက်တွေ စုဆောင်းရပါတယ်။ အဖွဲ့အနွဲ့တွေ စုဆောင်းရပါတယ်။ စုဆောင်းလို့ အတ်ာရလာတဲ့ အခါကျတော့ တုပရပါတယ်။ ရှေးရှေးဆရာကြီးများ ရေးပုံ သားပုံ ဖွဲ့နွဲ့ပုံတွေကို ဖတ်ရွက်လေ့လာပြီးတော့ တုပရေးသားဖွဲ့နွဲ့ရပါတယ်။ နောက်ကျတော့ အတုအပခေတ်ကိုကျော်လွန်ပြီး ကိုယ်ပိုင်ဝေါဟာရနဲ့ ကိုယ်ပိုင်အချက်အလက်တွေကို သုံးပြီး ကိုယ်ပိုင်အဖွဲ့အနွဲ့တွေကို ပြုစုရပါတယ် ဟု ဆရာမင်းသုဝဏ်က ပြောကြားခဲ့သည်။
စာပေစုဆောင်းလိုသူတစ်ဦးသည် ပထမဆုံး စာကိုများများဖတ်ရမည်။ စာဖတ်ရာမှ ရရှိသော စာပေဗဟုသုတများကို စုဆောင်းမှတ်ထားနိုင်ရန် မှတ်စုစာအုပ်များထားရမည်။ ၎င်းမှတ်စုစာအုပ်ထဲတွင် စာပေဗဟုသုတများကို အမြဲရေးမှတ်ထားပါ။ ဗဟုသုတများကို ဦးနှောက်ထဲတွင် စုဆောင်းထားသည်ထက် မှတ်စုစာအုပ်များတွင် စုဆောင်းထားသည်က ပိုကောင်းပါသည်။
တရုတ်စကားပုံတွင် အဖျော့ဆုံးသောမင်သည် အစွဲဆုံးသော မှတ်ဥာဏ်ထက် ပိုကောင်း၏။
The palest ink is better than the most retentive memory. ဟူသော စကားပုံ ရှိသည်။
စာပေစုဆောင်းရာတွင်
(၁) ဝေါဟာရများ
(၂) ၀ါကျအသုံးအနှုန်းများ
(၃) အလင်္ကာအဖွဲ့အနွဲ့များ
(၄) စကားလုံးများ
(၅) ဆိုရိုးစကားများ
(၆) ကဗျာများ
(၇) စာပေနှင့်ပတ်သက်သော အချက်များ
(၈) စာရေးဆရာများ၏ အတ္တုပ္ပတ္တိများ
(၉) စာပေဆိုင်ရာ အဆိုအမိန့်များ
(၁၀) စာရေးဆရာ၊ စာပေပညာရှင်များနှင့် ပတ်သက်သော မှတ်သားဖွယ်အဖြစ်အပျက်များ စသည့်တို့ကို စုဆောင်းရပါမည်။
အောက်ပါ အချက်အလက်များသည် စာပေပညာရှင်များ စာရေးဆရာကြီးများ၏ နည်းနာနိဿယများကို စာရေးသူက စုစည်းဖော်ပြထားခြင်းဖြစ်ပါသည်။
ဝေါဟာရများ
စာပေဝေါဟာရများကို ရှာဖွေစုဆောင်းရာတွင် အဘိဓာန်များကို အမြဲသုံးစွဲရပါမည်။ မြန်မာစာပေကို လေ့လာရာတွင် မြန်မာစာအဖွဲ့က ပြုစုထုတ်ဝေသော မြန်မာအဘိဓာန် မြန်မာအင်္ဂလိပ်အဘိဓာန် မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း များကို လက်ကိုင်ထားသင့်ပေသည်။ အင်္ဂလိပ်ဝေါဟာရများ နှံ့နှံ့စပ်စပ်သိရှိနိုင်ရန် အင်္ဂလိပ် အင်္ဂလိပ် အဘိဓာန် အင်္ဂလိပ် မြန်မာ အဘိဓာန်တို့ကိုအသုံးပြုပါ။ Hornby ၏ Learner’s Dictionary, စီပွားရေးနှင့် ကူသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြုစုထုတ်ဝေသော အင်္ဂလိပ်မြန်မာအဘိဓာန်ကို စာပေ၀ါသနာပါသူတိုင်း ကိုးကားလေ့လာရပါမည်။ ရှေးခေတ်သုံးပေါရာဏ စကားလုံးများ၊ ဗန်းစကားများ၊ ဒေသအလိုက် ပြောဆိုသော စကားလုံးများကိုပါ လေ့လာထားပါက အကျိုးရှိပါသည်။ သံတူကြောင်းကွဲ ဝေါဟာရများ၊ ကြောင်းတူသံကွဲ ဝေါဟာရများ၊ ဆန့်ကျင်ဘက်ဝေါဟာရများ၊ အနက်တူဝေါဟာရများကို သီးခြားလေ့လာပါက ဝေါဟာရများကြွယ်ဝလာနိုင်ပါသည်။
ဝါကျအသုံးအနှုန်းများ
ဘာသာစကားရပ်တိုင်းတွင် ၀ါကျဆိုင်ရာ အဖွဲ့အနွဲ့များ၊ အလင်္ကာမြောက် အဖွဲ့အနွဲ့များကို တတ်နိုင်သလောက် လေ့လာဆည်းပူးရပါသည်။ စာများများဖတ်မှသာ ၀ါကျအဖွဲ့အနွဲ့များ၊ အလင်္ကာမြောက် အဖွဲ့အနွဲ့များကို သိရှိနိုင်သည်။ အင်္ဂလိပ်စာပေတွင် အင်္ဂလိပ်စာအသုံးအနှုန်း(English Usege)၊ အင်္ဂလိပ်စာဝါကျဖွဲ့စည်းပုံ (English Sentence Construction) များနှင့်ဆိုင်သော စာအုပ်များကို သီးသန့်ထုတ်ဝေထားရာ အင်္ဂလိပ်စာလေ့လာသူများအဖို့ အလွယ်တကူ လေ့လာနိုင်သည်။ အင်္ဂလိပ်အဘိဓာန်များတွင် ဝေါဟာရများ၏ ၀ါကျအသုံးအနှုန်းများကို စုံလင်စွာဖော်ပြထားရာ လေ့လာနိုင်လေ အကျိုးရှိလေပင်ဖြစ်သည်။ မြန်မာစာပေနှင့်ပတ်သက်သော ၀ါကျများကိုလေ့လာလိုပါက မြန်မာစာပေပညာရှင်များ၊ မြန်မာစာရေးဆရာများ၏ စာအုပ်များကို ဂရုတစိုက်လေ့လာဖတ်ရှုပြီး ၎င်းစာအုပ်များမှ ၀ါကျအဖွဲ့အနွဲ့၊ အလင်္ကာမြောက်အဖွဲ့အနွဲ့များကို မှတ်စုစာအုပ်များတွင် ကူးယူရေးမှတ်ထားရပါမည်။ ရာသီဥတုနှင့်ဆိုင်သောဝါကျများ၊ စာပန်းချီဆန်ဆန်ဖွဲ့နွဲ့သော ၀ါကျများ၊ ထူးခြားသော ၀ါကျများ၊ အလင်္ကာမြောက်ဝါကျများကို သီးခြားစုဆောင်းရေးသားခြင်းဖြင့် စာရေးသောအခါ ရသမြောက်အောင် ရေးသားနိုင်ပါလိမ့်မည်။
စကာပုံများ
လူမျိုးတိုင်း၊ ဘာသာစကားတိုင်းတွင် သီးခြားစကားပုံများရှိကြသည်။ နိုင်ငံတိုင်းတွင် စကားပုံများအသီးသီးရှိကြပါသည်။ ၎င်းစကားပုံများကို လေ့လာဖတ်ရှုခြင်းဖြင့် လူမျိုးတစ်မျိုး၏အတွေးအခေါ် အယူအဆ အပြောအဆိုများကို သိရှိနိုင်သည်။ မြန်မာလူမျိုးတို့၏ စကားပုံများကို လေ့လာလိုပါက မြန်မာစာအဖွဲ့ကထုတ်ဝေသော မြန်မာစကားပုံ စာအုပ်ကို ၀ယ်ယူဖတ်ရှုလေ့လာနိုင်သည်။ ကမ္ဘာနိုင်ငံများဆိုင်ရာ စကားပုံစာအုပ်များကို ထုတ်ဝေထားရာ အလွယ်တကူလေ့လာနိုင်သည်။ မြန်မာစကားပုံ စာအုပ်တွင် မြန်မာစကားပုံများ၏ အနက်အဓိပ္ပာယ်များကို တစ်ခုချင်းရှင်းလင်းထားရာ အကျိုးကျေးဇူးများလှသည်။
ဆိုရိုးစကားများ
လူမျိုးတိုင်း၊ ဘာသာစကားတိုင်းတွင် စကားပုံများရှိသကဲ့သို့ ဆိုရိုစကားများလည်းရှိပါသည်။ မြန်မာလူမျိုးတို့သည် စကားပြောဆိုရာတွင်လည်းကောင်း စာရေးသားရာတွင်လည်းကောင်း ဆိုရိုးစကားများကို အလျဉ်းသင့်တိုင်း သုံးစွဲတတ်ကြသည်။ ဆိုရိုးစကားများတွင် ဘာသာရေးဆိုရိုးစကားများ မြန်မာ့အယူအဆဆိုရိုးစကားများ မိုးလေ၀သ ဆိုရိုးစကားများ၊ ကျောက်မျက်ရတနာဆိုရိုးစကားများ၊ စိုက်ပျိုးရေးဆိုင်ရာဆိုရိုးစကားများ စာပေဆိုရိုးစကားစသည်ဖြင့် ဆိုရိုးစကားအများအပြား ရှိပါသည်။ မြန်မာစာအဖွဲ့ကက ပြုစုရေးသားထုတ်ဝေသော မြန်မာဆိုရိုးစကား စာအုပ်တွင် မြန်မာတို့ ပြောဆိုသုံးစွဲနေကျ မြန်မာ့ဆိုရိုးစကားများကို အဓိပ္ပာယ်ရှင်းလင်းချက်များဖြင့် ဖော်ပြထားရာ အလွန်အသုံးဝင်လှသော အဖိုးတန်စာအုပ်ဖြစ်သည်။
ထို့အပြင် ဒေသိယစကားခေါ် အရပ်ဒေသအလိုက်ပြောသောစကားများ၊ ဗန်းစကားများ၊ စကားထာ၊ စကားဝှက်များကိုပါ လေ့လာဆည်းပူးသင့်ကြောင်း စာပေပညာရှင်များက နည်းပေးလမ်းညွှန်ကြသည်။
ကဗျာများ
ဘာသာစကားတစ်ခုတွင် စကားပြေနှင့်ကဗျာလင်္ကာဟူ၍ နှစ်မျိုးနှစ်စားတွေ့ရသည်။ ကဗျာတွင် ပုံစံနှင့်အကြောင်းအရာအမျိုးမျိုးကိုတွေ့နိုင်သည်။ မြန်မာစာပေတွင် နည်းစနစ်များအရ ဖွဲ့နွဲ့ထားသောကဗျာများရှိသလို ယခုအခါ မော်ဒန်ကဗျာများကိုလည်း တွေ့နိုင်သည်။ မြန်မာစာပေတွင် ကဗျာများကို ခေတ်အလိုက်လေ့လာ၍လည်း ရသည်။ ကဗျာစာဆိုတစ်ဦးချင်းစီ၏ကဗျာများကိုလည်းကောင်း အထူးပြုလေ့လာနိုင်သည်။ မြန်မာစာပေပညာရှင်တစ်ဦးက မြန်မာကဗျာများကိုစုဆောင်းရာတွင် နွေမိုးဆောင်းရာသီကဗျာများ၊ ဘာသာတရားနှင့်ဆိုင်သော ကဗျာများ၊ ဆုံးမစာကဗျာများ၊ စကားမွန်ဆိုင်ရာ ကဗျာများ၊ ပန်းငှက်တောတောင်ရေမြေစသော သဘာဝအလှအပနှင့်ဆိုင်သောကဗျာများကို ခွဲခြား၍ စုဆောင်းပါဟူ၍ လမ်းညွှန်ဖူးသည်။
(က) နွေရာသီ လေခမြေသက်၊ ဈာန်ဝိတက်သို့၊ သစ်ရွက်ရော်ရီ၊ ဣန္နနိဝယ် သိဂီတစ်ဝက်၊ ဖက်၍ဆေးစုံ၊ ခြယ်သောပုံသို့၊ ရဂုံမြိုင်တွင်း၊ တောလုံးလင်းသေား (ရှင်ဥတ္တမကျော် တောလား)
တပေါင်းငယ်မှညှာကျင်၊ နွေဦးဆန်းသစ်၊ ရွက်ရော်လှစ်လို့၊ ပုရစ်ကယ်ရွှေဥ၊ ပင်တိုင်းစုကြသည်၊ နုညိုစင်ငယ်တဲ့လေ (ဦးယာ)
(ခ) မိုးရာသီ ရစ်သိုင်းငယ်မှောင်၊ မကန်းစူကာနှေင်လို့၊ ရွာမယောင်မာန်ပျိုး၊ ကြွေးရင့်ငှက်သန်၊ နွေရက်ကယ်မိန်အကျန်မို့၊ အချိန်မတန်ရွာစေဖွဲ့တယ်၊ တင့်ရဲတဲ့မိုး (မြ၀တီမင်းကြီးဦးစ)
(ဂ) ဆောင်းရာသီ ငွေနှင်းငယ်မှုန်၊ လေညင်းရယ် တသုန်သုန်နှင့်၊ ချမ်းပုံမှာ ကမ်းကုန်ရစ်တာမို့၊ မန်းတုန်အောင် လမ်းဆုံက ဟစ်ချင်တော့၊ သည်ခေတ်မှာသည်လိုဟာဖြင့်၊ သည်ကိုယ်မှာ သေလုပါပေါ့။ ကမ္ဘာကို ဗြဟ္မာတို့ပြုခဲ့တယ်၊ ဆောင်းရတုပွဲ (အချုပ်တန်းဆရာဖေ)
(ဃ) ပန်းကဗျာ မြရွက်ဝေ၍၊ ပင်ခြေယှက်ထိုး၊ ခက်ချင်းမိုးသား၊ သာနိုးကံ့ကော်၊ စွယ်တော်မပီ၊ သရဖီလည်း၊ ကုံးသီမတတ်၊ ပင်လုံးညွှတ်လျက်၊ ဖက်ဆွတ်ဖက်သန်း၊ အနန်းသဇင်၊ ဂမုန်းအင်နှင့် (တွင်းသင်းမင်းကြီး)
(င) ငှက်ကဗျာ ဟင်္သာသောင်တင်း၊ ပိန်ညင်းစင်ရော်၊ တမာကြက်တော၊ ဥသြငှက်များ၊ ငှက်ငနွားလည်း၊ ၀ပ်တွားဘီလုံး၊ ရွှေလုံးချိုးခါ၊ သူတို့မှာမှု (ရှင်ဥတ္တမကျော်)
(စ) ဆယ့်နှစ်လရာသီပွဲတော် သင်္ကြန်တာကူး၊ နှစ်ဦးညောင်ရေ၊ စာပလွေခင်း၊ ပဉ္စင်းတော်ခံ၊ စာရေးတံနှင့်၊ မြစ်ယံပွဲကြီး၊ ဆီမီးထွန်းချိန်၊ ကထိန်နတ်ကျင်း၊ မြင်းခင်းထွက်ဝင်၊ သဘင်မီးပုံး၊ ဂူလုံးသဲပုံ၊ စေ့စုံစီလျဉ်၊ ဤသို့ယဉ်သား၊ လစဉ်အမြဲ၊ ဆယ့်နှစ်ပွဲ (လက်ဝဲသုန္နရ)
(ဆ) ဆယ့်နှစ်လရာသီပန်း ပန်းကံကော် ရွှေစကား၊ ငွေသားနုစံပယ်မှန်၊ မြတ်လေးခတ္တာနှင့်၊ ရွှေယင်းမာကြာခ၀ဲ၊ ဖွဲစနှင်းလျှံ၊ သဇင်ကျန်၊ ခွာတံပေါက်လဲ၊ ပွင့်ဝတ်ကယ် ရွှေဖီမင်း၊ သင်းထုံနံ့ကဲ (ကင်းဝန်မင်းကြီး)
(ဇ) သဘာဝအလှကဗျာ ကြွားကြွားစွင့်စွင့်၊ တိမ်မြင့်မြင့်နှင့်၊ လွင့်လွင့်ဝေေ၀၊ စုံခြေညို့ညို့၊ ရစ်သွယ်ဆို့လျက်၊ မို့မို့ရီရီ၊ ပတ်ဝန်းချီ၍ ကျူးသီငှက်ပေါင်း၊ ရင့်ကညောင်းလျှင် (ရတနာယဉ်နုပျို့)
(ဈ) မိဘဆိုင်ရာကဗျာ လက်သစ် တောင်တာ၊ ယူဇနပေါင်း၊ တာပြန်လောင်းသော်၊ ရှစ်သောင်းလေးထောင်၊ အမြင့်ဆောင်သား၊ တောင်မြင်းမိုရ်ယှိ၊ ဂုဏ်ကြီးဘိသည်၊ မိခင်ဖခင် ကျေးဇူးရှင် (လက်သစ်တောင်တာ ဆုံးမစာ)
(ည) ဆရာဆိုင်ရာကဗျာ နာနာကျင်ကျင်၊ အပြစ်မြင်တိုင်း၊ ၀မ်းတွင်မသို၊ ဟုတ်တိုင်းဆို၍၊ ကျိုးလိုစိတ်က၊ ဆုံးမတတ်သူ၊ ဆရာဟူလော့ (မန်လည် ဆရာတော်)
(ဋ) ဆုံးမစာကဗျာများ ဟုတ်သောအကြံ မှန်သောအကျင့်၊ သင့်သောအယူ၊ ဖြူသောနှလုံး၊ သူတော်ထုံးကို၊ စွဲသုံးသောထွေ၊ မှန်လှစေ (ဂမ္ဘီသာရပျို့)
စာပေနှင့်ပတ်သက်သောအချက်များ
စာပေနှင့်ပတ်သက်သော အချက်အလက်များကိုစုဆောင်းရာတွင် ကဏ္ဍခွဲခြား၍ ရေးမှတ်စုဆောင်းခြင်းက ပိုကောင်းသည်၊ စာရေးသူသည် ယခုထက်တိုင်စာပေနှင့်ပတ်သက်သော အချက်အလက်များကို သီးသန့်မှတ်စုရေးမှတ်နေဆဲဖြစ်သည်။ စာပေနှင့်ဆိုင်သော ဝေါဟာရများ၊ ရသနှင့်အလင်္ကာ၊ စာပေနှင့်ဆိုင်သောစံချိန်များ၊ စာပေဆိုင်ရာ ဆိုရိုးစကားများ၊ စာရေးဆရာကြီးများ၏အဖြစ်အပျက်များ၊ စာအုပ်ပြပွဲများ၊ စာပေနှင့်ဆိုင်သော ပစ္စည်းကရိယာများ၊ စာပေသမိုင်း၊ စာအမျိုးမျိုး၊ စာပေဆိုင်ရာ အဖွဲ့အစည်းများ၊ စာပေဆုများ၊ စာပေဆိုင်ရာကဗျာများ၊ စာကြည့်တိုက်များအကြောင်း၊ စာအုပ်များအကြောင်း၊ စွယ်စုံကျမ်းများစာအုပ်များ၊ ပုံနှိပ်စက်နှင့် ပုံနှိပ်လုပ်ငန်းများ၊ စာနယ်ဇင်းများ၊ အဘိဓာန်စာအုပ်များ၊ ဘာသာစကားနှင့်ပတ်သက်သော အချက်များ၊ စာပေဟူသည်၊ စာအုပ်ဟူသည်၊ စာအုပ်မှုပိုင်ခွင့်၊ စာပေဟောပြောပွဲ၊ စာဆိုတော်နေ့စသော အချက်အလက်များကို စုဆောင်းရပါမည်။
စာရေးဆရာကြီးများ၏အတ္တုပ္ပတ္တိများ
မြန်မာစာပေမှ စာပေပညာရှင်များ၏အတ္တုပ္ပတ္တိများကို လေ့လာလိုပါက ဗိုလ်မှုးဘသောင်းခေါ် မောင်သုတ၏ စာဆိုတော်များအတ္တုပ္ပတ္တိ စာအုပ်မှာ စာပေ၀ါသနာရှင်းများ အမြဲလက်ကိုင်ထားရမည့် စာအုပ်ကောင်းတစ်ခုဖြစ်သည်။ ဆရာလှသမိန်၏ မြန်မာစာပေပညာရှင်များအတ္တုပ္ပတ္တိစာအုပ်သည်လည်း စာအုပ်ကောင်းပင်ဖြစ်သည်။ နိုင်ငံခြားစာရေးဆရာကြီးများ၏ အတ္တုပ္ပတ္တိများကို သီးခြားထုတ်ဝေသော အတ္တုပ္ပတ္တိစာအုပ်တွင်များတွင်လည်းကောင်း၊ စွယ်စုံကျမ်းစာအုပ်များတွင်လည်းကောင်း ရှာဖွေဖတ်ရှုလေ့လာနိုင်ပေသည်။
စာပေနှင့်ဆိုင်သောအဆိုအမိန့်များ
(၁) စာအုပ်မရှိသောအခန်းသည် ၀ိညာဉ်မရှိသော ခန္ဓာကိုယ်နှင့်တူသည်။ (ဆီဆာရို)
(၂) စာဖတ်ပြီးနောက် ဖတ်ပြီးသောစာကို ပြန်၍မစဉ်းစားခြင်းသည် အစာစားပြီးနောက် အစာမချေဘဲ ထားသည်နှင့် တူသည်။ (ဘတ်စ်)
(၃) စာတ်လျက် စာမဖတ်သော သူသည် ပြတင်းပေါက်ရှိလျက် ပိတ်ထားသော အိမ်နှင့်တူ၏။ (ဦးတင်ဆွေ)
(၄) ရေးသာခြင်းသည် တိကျစေသည်။ ဆွေးနွေးခြင်းသည် နိုးကြားအသင့် ရှိစေသည်။ စာဖတ်ခြင်းကပြည့်ဝစေသည်။ (ဖရန်ဆစ်ဘေကွန်)
(၅) လောက၌ခပ်သိမ်းကုန်သော အမွေတို့တွင် ပညာရှိအဆက်ဆက်တို့ထံမှ ရယူအပ်သော စာပေကျမ်းဂန်တည်းဟူသော အမွေသည် အကြီးဆုံးမြတ်ဆုံးပေတည်း။ (စံကင်းဆရာတော်)
(၆) စာအုပ်သည် လူသားတို့၏အနာဂတ်ကာလအသိဥာဏ် တိုးတက်မြင့်မားလာစေရေးတွင် အကြီးဆုံးသော အထောက်ကူပြုလက်နက်ကြီးပင်ဖြစ်တော့သည်။ (ဂေါ်ကီ)
(၇) သင်ကွယ်လွန်ပြီးသည်နှင့် လူတွေမေ့ပျောက်မသွားစေချင်လျှင် တန်ဖိုးရှိသော စာများကို ရေးပါ၊ သိုမဟုတ် တန်ဖိုးရှိစွာ ရေးသားခံရမည့်အလုပ်များကိုလုပ်ပါ။ (ဖရင်ကလင်)
(၈) စာမဖတ်သောသူများတွင် တွေးခေါ်စရာ ဘာမှမရှိနိုင်။ ပြောဆိုရန်စကားလည်း နည်းပါးလှ၏၊ (ဒေါက်တာဂျွန်ဆင်)
(၉) စာအုပ်များ စုဆောင်းသိုးမှီးထားရာ နေရာသည်သာ တကယ့်စစ်မှန်သော တက္ကသိုလ်ဖြစ်သည်။ (သောမတ်ကာလိုင်း)
(၁၀) စာရေးခြင်းဖြင့် တိုင်းပြည်နှင့်တကွ အများချမ်းသာအောင် ဆောင်ရွက်နိုင်သည်ဟု ကျွန်ုပ်မြဲမြံစွာယုံကြည်၏။ သို့ဖြင့်လည်း မိမိစွမ်းဆောင်သမျှ စာအုပ် ၁၀ အုပ်ခန့် ရေးထုတ်ခဲ့၏။ အသင့်အတင့်အကျိုးရှိသည်ကိုလည်း သိရ၏။ သို့ဖြင့် စာရေးအတတ်ဖွံ့ဖြိုးခြင်းကို အလိုရှိ၏။ (ဦးဖိုးကျား)
(၁၁) စာအုပ်သည် တမလွန်ဘ၀အထိ အကျိုးပြုနိုင်သော အဖိုးတန်အသက်သွေးကြောဖြစ်၏၊ (မီလ်တန်)
(၁၂) ဘ၀နှင့်ကင်းသော စာအုပ်များသည် အသုံးမ၀င်ကြပါ။ စာအုပ်ဟူသည် ဘ၀နေထိုင်ရေးအတတ်ပညာကို သင်ကြားပေးစွမ်းနိုင်ရမည်။ (ဂျွန်ဆင်)
(၁၃) ကိုယ်ပိုင်အရည်အချင်းရှိသော စာရေးဆရာများသည် လူမှုရေးအရ ကျော်ကြားမှုနောက်သို့ လိုက်ကြသောအခါ ၎င်းတို့အရည်အချင်းများ ပျက်စီးသွားလေ့ရှိ၏။ (ဗန်ဝစ်ဘရွစ်)
(၁၄) စာရေးဆရာသည် ရိုးသားဖြောင့်မတ်မှန်ကန်ခြင်းပေါ်တွင် ရပ်တည်၍အသက်ရှင်ရသည်။ (ဖရန့်နောရစ်)
(၁၅) အကောင်းဆုံးနှင့် ခွန်အား အရှိဆုံးစာရေးဟန်သည် ရိုးရိုးစင်းစင်း ရေးသားခြင်းပင်ဖြစ်သည်။ (ဟိုဒရေးစ်ဂရီးလေး)
(ဒေါက်တာလှဖေ ) သုတစွယ်စုံ မဂ္ဂဇင်း အမှတ်(၂၃၅) ၂၀၀၂ ဇွန်လမှ ကူးယူဖော်ပြသည်။
No comments:
Post a Comment